Showing posts with label Love. Show all posts
Showing posts with label Love. Show all posts


မော်ဒယ်ခေတ်ဆိုတော့ ပိန်နေမှ ဖြစ်မယ်ဆိုပြီး စဉ်းစားနေတဲ့ မိန်းကလေးတွေ ခဏလောက် Diet လုပ်တာကို ရပ်ထားလိုက်ပါ။
ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားလေးတွေထဲမှာလည်း လှပြီး ဝနေတဲ့မိန်းကလေးကိုမှ ချစ်တဲ့သူလည်း ရှိပါတယ်။ "ဘာကြောင့်လဲ??? သူတို့အမြင်လေးတွေကြည့်လိုက်ရအောင်...

အရင်တုန်းက တစ်ယောက်တည်း၊ ခုတော့ နှစ်ယောက်ဖြစ်သွားပြီမို့ အရင်တုန်းက ကိုယ့်စိတ်ကြိုက်နေလာခဲ့တဲ့ အကျင့်ဟောင်းတွေထဲမှာ ဖျောက်ပစ်သင့်တာလေးတွေ ရှိနေပါတယ်။ တစ်ကိုယ်ရည်ဘ၀မှာတုန်းက အဲ့ဒီအကျင့်လေးတွေက မိုက်ပါတယ်။ ဒါပေမယ့် ခုတော့ ဒါလေးတွေ ခေါက်ပစ်လိုက်တော့နော်။
  • မနက်နှိုးစက်နာရီကို အကြိမ်ကြိမ်အခါခါ ထုရိုက်ပိတ်ပစ်ပြီး ထချင်တဲ့အချိန်မှထတတ်တာမျိုး
သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့အခါပဲဖြစ်ဖြစ်၊ တစ်နေရာရာသွားဖို့ စဉ်းစားထားလို့ နှိုးစက်နာရီတော့ ပေးအိပ်ပါရဲ့။ ဒါပေမယ့် မနက်နှိုးစက်နာရီက ထမြည်တဲ့အခါ တဒုန်းဒုန်းထုပိတ်ပြီး ပြန်အိပ်တတ်တဲ့ အကျင့်မျိုးလေးတွေ ရှိရင် နှိုးစက်နာရီဘေးမှာ ငါဟာ တကယ်ပျော်ရွှင်ကြည်နူးရတဲ့ အချစ်ရေးကို လိုချင်တယ်လို့သာ စာလေး ကပ်ထားလိုက်တော့။ ချစ်သူနဲ့ချိန်းထားတဲ့အချိန်ကိုတော့ ရွှေ့မပစ်လိုက်ပါနဲ့။
  • အားလပ်ရက် စနေ၊ တနင်္ဂနွေဆိုရင် သူငယ်ချင်းတွေနဲ့ တစ်နေရာမှာ စုသောင်းကျန်းတတ်တာမျိုး
အားလပ်ရက်ရောက်ပြီဆိုတာနဲ့ သူငယ်ချင်းတွေ ချိန်းပြီး သွားကြလာကြ၊ စုပြီး သောင်းကျန်းကြတာမျိုးတွေကိုလည်း ရှောင်နိုင်သမျှ ရှောင်ပါ။ ကိုယ့်ချစ်သူက ရပါတယ် မင်းသဘောဆိုရင်တောင် ကြာရင်တော့ ဘယ်သူမှအဲ့ဒီဒဏ်ကို ခံနိုင်မယ် မထင်ဘူးနော်။
  • တစ်ခုခု ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် ကိုယ့်ဘာသာကိုယ် ထင်တာကို ဇွတ်လုပ်တတ်တာမျိုး
အရင်တုန်းကတော့ တစ်ယောက်တည်းမို့လို့ ကိုယ့်စိတ်ကြိုက်၊ ကိုယ့်အတွေးနဲ့ကိုယ်နေခဲ့တာ မှန်ပေမယ့် ခုတော့ နှစ်ယောက်ဖြစ်လာပြီဆိုတာ သိထားပြီး အရေးကြီးတဲ့အရာဆုံးဖြတ်တော့မယ်ဆိုတိုင်း သူ့ကိုလည်း တိုင်ပင်ပါ။ ဘာလုပ်လိုက်ပြီဆိုတာမျိုး အားလုံးပြီးတော့မှ သူ့ကိုဖွင့်ပြောလိုက်ရင် သူစိတ်မကောင်းဖြစ်ပါလိမ့်မယ်။
  • မိသားစုဝင်တွေလုပ်တဲ့ ပွဲတိုင်းအကုန်တက်ပြီး ချစ်သူဘက်က လူတွေလုပ်တဲ့ပွဲမျိုးကို ရှောင်တာမျိုး
နားလည်မှုနဲ့ မျှမျှတတသွားရမယ့် လမ်းမှာ ကိုယ်လုပ်လိုက်လို့ ဆူးငြှောင့်ခလုတ်တွေ မဖြစ်သွားပါစေနဲ့။ ကိုယ့်အမျိုးရဲ့ပွဲတွေ တစ်ခုမကျန် တက်ပြီး ကိုယ့်ချစ်သူဘက်က လူတွေလုပ်တဲ့ ဒင်နာ၊ ပါတီတွေကိုကျ ခြေဦးတောင် မလှည့်တာမျိုးတွေ မဖြစ်ပါစေနဲ့။ မျှမျှတတလုပ်ဆောင်ပါ။
  • ဟိုးအရင်ထားခဲ့ဖူးတဲ့ ရည်းစားတွေအကြောင်း စိန်ပြေနပြေ ပြန်လည်ပြောဆိုတာမျိုး
ကြာခဲ့ပြီဆိုပေမယ့် ဘယ်လိုယောင်္ကျားမျိုးကမှ ကိုယ့်ချစ်သူရဲ့အရင်ဘဲတွေအကြောင်း ပြန်ကြားချင်မှာ မဟုတ်ပါဘူး။ သူတို့နဲ့တုန်းက ဘယ်လိုလေ။ ဘယ်တွေသွားခဲ့တာ စတာတွေကို သူငယ်ချင်းတွေနဲ့ ပြောဆိုနေသလိုမျိုး မပြောလိုက်ပါနဲ့။ ပထမအကြိမ်၊ ဒုတိယအကြိမ် နားထောင်ပြီးတဲ့အခါ တတိယအကြိမ်ကျရင်တော့ သင်တို့နှစ်ယောက်စလုံး ပြသနာအကြီးအကျယ် ဖြစ်သွားပါလိမ့်မယ်။

တစ်ခါတစ်လေတော့လဲ သမီးရည်းစားဆက်ဆံရေးတိုင်းမှာ သူ့အခက်အခဲ၊ သူ့အမှားနဲ့သူ ရှိတတ်ကြပါတယ်။ ပြသနာတစ်ခုကို အဆင်ပြေသွားအောင် ပြန်လည်ကြိုးစားပြုပြင်မယ်၊  သင့်ရဲ့လက်တွဲဖော်ကို လမ်းခွဲမယ့်လမ်းမှ ပြန်လှည့်ချင်လာအောင် လုပ်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေက ကူညီစည်းရုံးပေးပါလိမ့်မယ်။
  • စိတ်ကိုထိန်းပါ
စိတ်ခံစားချက်တွေ ပြင်းထန်လာတဲ့အခါမှာ လုပ်ချင်ရာ လုပ်တတ်ကြတယ်။ ဆုံးဖြတ်ချက်အမှားတွေ ချပြီးမှ နောင်တရစရာတွေ ကြုံရမယ့်အတူတူ သင့်စိတ်ကိုသင် အမြန်ဆုံးထိန်းနိုင်လေ အခြေအနေကို အမြန်ဆုံးထိန်းသိမ်းနိုင်ပြီး သင့်လက်တွဲဖော် စိတ်အေးမှု အမြန်ရရှိလေပါပဲ။
  • လက်ညိုးထိုးစကားပြောတာရှောင်ပါ
လမ်းခွဲတော့မယ်၊ နှစ်ဦးသားပြသနာတက်ပြီဆိုတာနဲ့ တစ်ယောက်ပေါ် တစ်ယောက် အပြစ်တင်ဝေဖန်ပြောဆိုမှုတွေကတော့ ရှိတတ်ကြတာပါပဲ။  အပြစ်တင်ဝေဖန်မှုတွေ၊ ကိုယ့်သဘောနဲ့ကို ဆုံးဖြတ်ချက်ချလိုက်တာတွေနဲ့ မစဉ်းစားမဆင်ခြင်ပဲ တုံ့ပြန်ပြောမှုတွေကို ဆင်ခြင်ပြီး အဆုံးသတ်မှာ အပျက်သဘော၊ အနုတ်လက္ခဏာ ဆောင်တဲ့ အရာမှန်သမျှကို ကင်းရှင်းစေတဲ့ ဆွေးနွေးမှုတစ်ခုကို ဆောင်ရွက်ပါ။
  • သဘောမကျတာရှိလား သင့်လက်တွဲဖော်ကို မေးကြည့်ပါ
ရန်ဖြစ်တဲ့အခါ သူ့စကားကို သင်ဟာ အလေးပေး နားမထောင်ဘူးလို့ သင့်လက်တွဲဖော်တွေက ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် သူမှားယွင်းနေတယ်ထင်တဲ့ အရာတွေကို မေးကြည့်ခြင်းအားဖြင့် အဲဒီပြသာနာကို သင်ဖယ်ရှားနိုင်ပါတယ်။
  • သင်ပြောင်းလဲမှု လိုအပ်ကြောင်း ဝန်ခံပါ
သင့်အမှားကို ဘယ်တော့မှ ဝန်မခံပဲ သင်ရဲ့မှားယွင်းတဲ့ဆောင်ရွက်မှုတွေကိုသာ ခုခံပြောဆိုနေရာကနေ ပြောင်းလဲလိုက်ပါ။ ကိုယ့်ဘက်က မှန်နေတယ်ဆိုရင်တောင် ကိုယ့်ကိုကိုယ်နှိမ့်ချပါ။ သင့်ရဲ့လက်တွဲဖော်ဆီကို အပြောင်းအလဲပြုလုပ်ဖို့ လိုအပ်ကြောင်းနဲ့ သူ့ရဲ့ အကြံအဥာဏ် လိုအပ်ကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း အသိမှတ်ပြုပေးလိုက်ပါ။
  • ရည်းစားစကားပြောဆိုမှု ခဏဘေးဖယ်ထားပါ
ခုလက်ရှိအချိန်မှာ သင်တို့နှစ်ယောက်လုံးက နှစ်ယောက်ကြား အဆင်မပြေမှုကိုသာ အာရုံစိုက်နေကြရတာကြောင့် သင်တို့နှစ်ဦးစလုံးအပေါ် စိဖိစီးမှုတွေ ရှိနေပါလိမ့်မယ်။ လွတ်လွတ်လပ်လပ်နေပြီး သမီးရည်းစားအကြောင်းကို ခဏမေ့ထားလိုက်ပါ။ အဲ့ဒီအစား အချင်းချင်း ကိုယ့်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေက ဘာဖြစ်တယ်ဆိုတာ ပြောဆိုဆွေးနွေးလိုက်ပါ။
  •  ပြန်လည်စမ်းစစ်မှုလုပ်ဆောင်ပါ
သင့်ချစ်သူကို သူပြောချင်တဲ့အရာ ပြောဆိုဖို့ အခွင့်ပေးပါ။ သူသင့်ကို ဘယ်လို လုပ်စေချင်ကြောင်း သူသင့်ကို ပြောပြပါစေ။ သူပြောချင်တာ အကုန်ပြောလို့ပြီးသွားတဲ့ချိန်မှာ သင်ရဲ့လုပ်ဆောင်ချက်ကို သဘောကျမကျနဲ့ အရာရာ သူလိုချင်တဲ့ အတိုင်းဖြစ်မဖြစ် သိရှိဖို့ အကဲခတ် စစ်ဆေးကြည့်လိုက်ပါ။
  • သူစကားကို အလေးနက်တန်ဖိုးထားကြောင်း ပြောပြပါ။
သင်သူ့ကို တန်ဖိုးမထားဘူးလို့ သူခံစားကောင်းခံစားနိုင်တယ်။ သင်သူ့ကို အသိအမှတ်မပြုဘူး၊ ကျေးဇူးလည်းမသိတတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ သင် သူ့ကို ဘယ်လို၊ဘာကြောင့် အလေးအနက်တန်ဖိုးထားတဲ့အကြောင်း သူ့ကို ပြောပြပြီး အသိပေးလိုက်မယ်ဆိုရင် သင့်ချစ်သူက စိတ်တွေတက်ကြွလာပြီး အလေးထားမှုကို ပြန်လည်ခံစားလာပါလိမ့်မယ်။

အဆင်ပြေတာကတစ်ခါတစ်လေပဲလား? ဒါမှမဟုတ် တော်တော်များများအဆင်ပြေပါတယ်၊ တစ်ခါတစ်လေတော့ အဆင်မပြေဘူးပေါ့.. အဲ့လိုလား? ဒီလိုဆိုရင်လဲ တစ်ခါတစ်လေကနေ အမြဲလိုလိုဆက်တိုက်ဖြစ်လာနိုင်ဖို့ လမ်းကြောင်းနေသလိုဖြစ်နေလိမ့်မယ်။ ဒီတော့.. တော်ကီတွေနဲ့ပဲ အဆင်ပြေအောင်ချော့တာအပြင် ကိုယ်ဟန်အမူအယာကို အသုံးပြုခြင်းဟာ စကားလုံးတွေထက် သမီးရည်းစားဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။ သင့်လက်ဟန်ခြေဟန်တွေကို ဘယ်လိုအသုံးပြုရမလဲ။
  • မှန်ုကြည့်နေသလို စကားပြောပါ                                                               
ကိုယ်ဟာ ကိုယ့်ချစ်သူထက် ပိုမြင့်တဲ့ အနေအထားမှာ ထိုင်နေတာမျိုး၊ ခြေဒေါက်ကို ချိတ်ထားပြီး လက်ချောင်းတွေကို ခေါင်းအနောက်မှာထားကာ ဆရာကြီးသဖွယ် ထိုင်နေတာမျိုးတွေ ဖြစ်နေမယ်ဆိုရင် သူတို့စိတ်ထဲမှာ တစ်မျိုးတစ်မည် ခံစားသွားရနိုင်ပါတယ်။ ။ ပိုပြီးနိမ့်တဲ့ နေရာအနေအထားမျိုးမှာ ထိုင်တဲ့လူတွေဟာ ခုခံတုံ့ပြန်တတ်ပြီး အမြတ်ဒေါသတွေ ရှိနေတတ်ပါတယ်။ ဒါကို သတိထားပါ။
  • သင့်လက်တွဲဖော်ရဲ့ နှုတ်ခမ်းကို သေချာကြည့်ပါ
တစ်စုံတစ်ယောက်မှာ ပြောစရာ တစ်ခုခုရှိတဲ့အခါ ခံစားချက်ကို စတင်ထုတ်ဖော်ဖို့ ဦးနှောက်ကနေ နှုတ်ခမ်းတွေဆီကို လျှာနဲ့ သတင်းအချက် အလက်တစ်ခု ပို့ပေးပါတယ်။ လူတစ်ယောက်က သူ့နှုတ်ကနေ တစ်ခုခု ပြောဆိုချင်တာကို သတိပြုမိတဲ့အခါ စကားလုံးအနေနဲ့ ထွက်မလာခင်မှာတောင် သူပြောဆိုမယ့် အကြောင်းအရာကို သင်ကကြိုသိနေရင် ဒါကောင်းတဲ့အချက်ပါ။
  • လက်ဖဝါးတွေ အသုံးပြုပြီး ယုံကြည်မှု တည်ဆောက်ပါ
သင့်လက်တွဲဖော်အပေါ် ယုံကြည်မှု ထားသင့်မထားသင့် သိရအောင်  ပွင့်လင်းမှုရှိတဲ့ ကိုယ်ဟန်အမူအရာသုံးပြီး သူ/သူမဆီကို ချဉ်းကပ်ပါ။ စကားအပြန်အလှန် ပြောဆိုနေစဉ်အတွင်း သူ့ဆီကို ခြေဖျားနဲ့ မထိတထိလုပ်ပါ။ မကြာခဏ ပြုံးပြပြီး လက်ဖဝါးတွေနဲ့ အမူအရာ လုပ်ပြပါ။
  • တို့ထိပြီး စကားအငြင်းအခုံတွေလုပ်ပါ
သင့်ချစ်သူကို မကြာခဏ ထိတွေ့ပေးခြင်းဟာ ဆက်ဆံရေးကို ခိုင်မြဲစေတာ အသေအချာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ခြင်းဟာ ယုံကြည်မှုကို ခံစားရရှိစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချပေးပါတယ်။

ချစ်သူနှစ်ဦးကြား ပိုမိုခိုင်မြဲတဲ့ သံယောဇဉ်ကြိုးကို ချည်နှောင်ထားနိုင်ဖို့ သိထားသင့်တဲ့ အချက်ကလေးတွေ ရှိပါတယ်။ ဒီအချက်ကလေးတွေအတိုင်း လုပ်ဆောင်သွားနိုင်မယ်ဆိုရင် နှစ်ဦးသားကြားမှာ လှပတဲ့အနာဂတ်တစ်ခုကို ဖန်တီးနိုင်ပါလိမ့်မယ်။
  • သင့်ချစ်သူပြောတဲ့စကားကို ဂရုတစိုက်နားထောင်ပေးပါ။
  • အနစ်နာခံတတ်ပြီး ပွင့်လင်းတဲ့စိတ်ထားရှိကြောင်း သူသိအောင် ကြိုးစားပါ။ ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ အဆိုးမြင်စိတ်တွေကို ရှောင်ပါ။ အများအားဖြင့် နှစ်ယောက်စလုံး စိတ်မကောင်းဖြစ်စေနိုင်တဲ့ ဘယ်အရာကိုမဆို သင်ရှောင်သင့်ပါတယ်။
  • သင့်ချစ်သူဆီကနေ ရယူသလိုပဲ သင်ပြန်ပေးဆပ်ဖို့ အသင့်ရှိပါ။ အပေးအယူဆိုပြီး ပြောကြတဲ့ စိန်ခေါ်တဲ့ စိတ်ထားမျိုးနဲ့ မတူပါဘူး။ တူညီတဲ့ အချိုးအဆနဲ့ ပတ်သတ်မှုကို ခိုင်မြဲအောင် ကြိုးစားသင့်ပါတယ်။
  • နှစ်ဦးနှစ်ဖက်မိဘတွေကိုလည်း သင်တို့လိုပဲ အဆင်ပြေနိုင်အောင် ကြိုးစားပေးရမှာဖြစ်ပါတယ်။ ချစ်သူနှစ်ဦးရှေ့ဆက်ရမယ့်ဘဝအတွက် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
  • အခြေအနေပေါ်မမူတည်တဲ့ ချစ်ခြင်းတွေနဲ့ချစ်နိုင်ဖို့ကြိုးစားပါ။ သူ့ဆီကနေ တစ်ခုခု မျှော်လင့်တယ်ဆိုတာက သင်သူ့ကိုတစ်ခုခုပေးဆပ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့အတူတူပဲ ဖြစ်သင့်ပါတယ်။
  • သင့်ရဲ့နေ့စဉ်ဘဝမှာပဲ ခံစားချက်တွေသိပ်ပြင်းပြင်းထန်ထန် ရှိမနေသင့်ပါဘူး (အထူးသဖြင့် ယောင်္ကျားတွေအတွက်)။ သင်ဟာ ခွန်အားရှိတယ်၊ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချထားတယ်၊ လုပ်သင့်လုပ်ထိုက်တာကိုယ်တိုင်သိနေတယ်၊ သူမအနေနဲ့သင့်အပေါ်မှီခိုအားထားနိုင်လောက်တဲ့ အင်အားတွေ သင့်မှာအခိုင်အမာရှိကြောင်း သက်သေပြနိုင်ဖို့ အရေးကြီးပါတယ်။
  • ချစ်သူနှစ်ဦးကြားမှာ ကြင်နာမှု၊ နားလည်မှု၊ ယုံကြည်မှုနဲ့ အချင်းချင်းလက်ခံနိုင်မှုတွေဟာ အဓိကသော့ချက်တွေပဲ ဖြစ်ပါတယ်။ သင်တစ်ယောက်တည်းကပဲ ချစ်သူနှစ်ဦးကြား အမြတ်တွေကိုပဲ ရွေးချယ်ပြီးလိုချင်တယ်ဆိုရင်တော့ အချင်းချင်းနားလည်မှုကို သင်ဖယ်ရှားနိုင်ပါတယ်။
  • ဘယ်လိုပတ်သတ်မှုမျိုးမှာမဆို အကောင်းဆုံးနဲ့အားထားရဆုံးသူငယ်ချင်းဖြစ်ဖို့လည်း လိုအပ်ပါတယ်။
  • သင့်ကိုရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုသင့်ပါဘူး။ လေးစားထိုက်သူဖြစ်အောင် သင်ကိုယ်တိုင် ကြိုးစားပါ။
  • ချစ်သူနှစ်ဦးပတ်သတ်မှုမှာ ကိုယ်ဘယ်လောက်ချစ်ကြောင်း ပြပြီး သူ့ကိုချီးမွမ်းမှု ပြုလုပ်ခြင်းတွေဟာ လုံလောက်ပြီဆိုတာမရှိပါဘူး။ ဆက်ပြီးလုပ်ရမှာဖြစ်ပါတယ်။ ဒါခက်ခဲတဲ့အလုပ်မဟုတ်ပါဘူး။ သင်လုပ်နိုင်တဲ့အရာတွေကတော့ ပန်းစည်းပေးတာပဲဖြစ်ဖြစ် အချိန်အလိုက် လက်ဆောင်ပစ္စည်းလေးတွေဖြစ်ဖြစ် ပေးနိုင်ပါတယ်။
  • ဘယ်သူ့အပေါ်မှာမှ မမူတည်ပဲ ဆုံးဖြတ်ချက်တစ်ခုခုကို ကိုယ်တိုင်ချမှတ်ဖို့ ကြိုးစားပါ။
  • ပြဿနာတစ်ခုခုဖြစ်တယ်ဆိုရင် သင့်ချစ်သူဘက်ကနေလည်း မြင်ယောင်ကြည့်ပေးပါ။ သင်အနေနဲ့ရော လက်ခံနိုင်လား ဆိုတဲ့အထိရောက်အောင် စဉ်းစားပေးပါ။
  • သင့်ချစ်သူ နေထိုင်ရာရပ်ကွက်၊ အလုပ်၊ ပတ်ဝန်းကျင်တွေကို လေးစားပါ။ သင့်ချစ်သူကို ကိုယ်ပိုင်ပစ္စည်းတစ်ခုလို သတ်မှတ်ပြီး ဆက်ဆံ၊ အမိန့်ပေး၊ အနေအထိုင် လိုအပ်တာထက် ပိုပြီး တင်းကြပ်တာမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ သူ့ရဲ့ပင်ကိုယ်စရိုက်ကို သင်အရင်ဆုံးလက်ခံနိုင်မှ သင့်အချစ်ဟာ အချစ်စစ်ဆိုတာကိုလည်း သဘောပေါက် နားလည်စေချင်ပါတယ်။

Credit - Trend Myanmar
လက်ထပ်ခြင်းဆိုတာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီးတော့ လက်ထပ်ခြင်းကို သင်ရွေးချယ်ရတဲ့ အကြောင်းပြချက်တွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့် လက်ထပ်ခြင်းကနေ အမှန်တကယ်ဖြစ်လာတဲ့ အချက်တွေကိုတော့ သင့်အနေနဲ့ လက်ခံရမှာဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့အချက်တွေကိုလေ့လာကြည့်ပါ။
၁။ လက်ထပ်ခြင်းကနေ ငွေကြေးအကျိုးအမြတ်တွေရရှိပါတယ်။
စုံတွဲဖြစ်လာပြီဆိုတော့ အိမ်သုံးပစ္စည်းတွေကို ပေါင်းလိုက်ခြင်းကနေ အသုံးစရိတ်လျော့သွားတာကို သင်တွေ့ရပါလိမ့်မယ်။ ပြီးနောက် ငွေစုလို့ရတယ်၊ ပိုပြီးချမ်းသာဖို့ အလားအလာရှိပါတယ်။
၂။ လက်ထပ်ခြင်းက သင့်ကို ပိုပြီးကျန်းမာစေတယ်။
အိမ်ထောင်ရှိတဲ့သူတွေဟာ တစ်ကိုယ်တော်သမားတွေထက် လူရောစိတ်ပါ ပိုပြီးကျန်းမာပါတယ်။ ပိုပြီးလည်း လုံခြုံမှုကို ခံစားရတဲ့အတွက် သက်တောင့်သက်သာရှိတဲ့ ဘဝကို အများအားဖြင့် ပိုင်ဆိုင်နိုင်ပါတယ်။
၃။ လက်ထပ်ခြင်းဟာ ကလေးငယ်တွေအတွက် ကောင်းပါတယ်။
လက်မထပ်ပဲရထားတဲ့ ကလေးတွေဟာ အရာရာမှာ ဆင်းရဲတတ်ကြပါတယ်။ ဥပမာ- ကျောင်းမတတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာချို့တဲ့ခြင်း၊ ကိုယ်ကျင့်တရားပျက်ဆီးခြင်း… ဒီလိုနဲ့ပဲ ဘဝကို ဖြတ်သန်းကြတာများပါတယ်။
၎။ လက်ထပ်ခြင်းက လိင်ဆက်ဆံမှု ပိုမိုကောင်းမွန်စေတယ်။
Living together (လက်မထပ်ခင်အတူနေခြင်း) ထက် လက်ထပ်ပြီးနောက် လိင်ဆက်ဆံတဲ့အခါမှာ ပိုပြီးကျေနပ်မှုကို ခံစားစေနိုင်ပါတယ်။
၅။ Living togetherကြောင့် လက်ထပ်ပြီးမှ အိမ်ထောင်ကွဲဖို့အလားအလာ ပိုပြီးများစေနိုင်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် လုံခြုံစိတ်ချမှုတွေကို ပိုခံစားနိုင်ပေမယ့် လက်မထပ်သေးခင် အတူနေခဲ့ကြတဲ့ ပုံစံနဲ့ တခြားစီဖြစ်သွားတာကို သင့်အနေနဲ့ လက်ခံဖို့ ခက်ခဲနိုင်ပါတယ်။

Credit - Trend Myanmar

ကွာရှင်းဟိုတယ်

သူနဲ့သူမ မင်္ဂလာ ဆောင်တာ (၁ဝ)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ လင်မယား နှစ်ယောက်ကြားမှာ ဘာစိတ်လှုပ်ရှား မှုမှ မရှိတော့သလို စိတ်ဝင်စား မှုလည်း မရှိတော့ဘူး။ အချိန်ကြာလေ သူမကို တာဝန်နဲ့ဝတ္တရား အရ သူဆက် ဆံနေရ တယ်လို့ သူထင် လာလေဖြစ်တယ်။ သူမအပေါ် သူငြီးငွေ့လာခဲ့တယ်။ အထူးသဖြင့် သူ့အလုပ်မှာ အသစ်ဝင်လာတဲ့ သွက်သွက်လက်လက် ကောင်မလေး တစ်ယောက်ကြောင့် ဖြစ်တယ်။ ကောင်မလေးက သူ့ကို ရှုးသွပ်စေခဲ့တယ်။ ဒါဟာ သူ့ရဲ့ဒုတိယအရွယ် စိတ်လှုပ်ရှားခြင်းလို့ သူထင်ခဲ့တယ်။
အကြိမ်ကြိမ် တွေးတော ဆုံးဖြတ်ပြီးနောက် သူမနဲ့ကွာရှင်းဖို့ သူဆုံးဖြတ် လိုက်တယ်။ ဒီလိုခံစားချက်မျိုးက သူမအတွက် ထုံကျင်နေပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့တောင်းဆိုချက်ကို သူမခေါင်းညိတ်ခဲ့တယ်။ နှစ်ဦးသား တရားရုံးသွားပြီး ကွာရှင်းခဲ့ကြတယ်။ ကွာရှင်း စာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး ရုံးကနေ သူတို့ထွက်လာကြတယ်။ နှစ်ယောက်စလုံး သူတစ်လမ်း ကိုယ်တစ်လမ်း လွတ်လပ်သူတွေဖြစ်သွားကြပြီ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲမှာ ဟာတာတာ ခံစားနေရတယ်။ သူမကို သူတစ်ချက်ကြည့်ပြီး....
"မိုးတောင်ချုပ်နေပြီ။ ငါတို့ညစာအတူ သွားစားရအောင်"
 "ကောင်းပြီလေ... "ကွာရှင်းဟိုတယ် (Divorce hotel)" ဆိုတဲ့ စားသောက်ဆိုင်အသစ် ဖွင့်ထားတယ်လို့ ကြားတယ်။
အဲဒီ"ကွာရှင်းဟိုတယ်"က ကွာရှင်းပြတ်စဲပြီးစ ဇနီးမောင်နှံတွေ နောက်ဆုံးတစ်နပ်အတွက် သီးသန့်ဖွင့်ထားတဲ့ ဟိုတယ်ပါတဲ့။ အဲဒီမှာ သွားစားရအောင်" သူ့ကိုတစ်ချက်ကြည့်ပြီး သူမပြောတယ်။
သူခေါင်းညိတ်ပြီး နှစ်ဦးသားနှုတ်ဆိတ်လို့ ဟိုတယ်ထဲ ရှေ့ဆင့်နောက်ဆင့် ၀င်သွားကြတယ်။
 "ကောင်းသော ညနေခင်းပါ"
အခန်းထဲထိုင်လိုက်တာနဲ့ ဟိုတယ်ဝန်ထမ်းက ရောက်လာတယ်။
"ဘာများ သုံးဆောင်ကြမလဲရှင်"
"မင်း မှာကွာ" သူမကို ကြည့်ပြီး သူပြောလိုက်တယ်။
"ကျွန်မ အပြင်သိပ်မထွက်တော့ ဒါတွေကို မသိဘူး။ ရှင်ပဲ မှာပါ" သူမခေါင်းခါပြီး ပြောတယ်။
"ဆောရီး..... ကျွန်မတို့ ကွာရှင်းဟိုတယ်မှာ စည်းကမ်းတစ်ခုရှိတယ်။ ဒီညစာကို မိန်းမဖြစ်သူက ယောက်ျားကြိုက်တတ်တာတွေ မှာပေးရသလို ယောက်ျားဖြစ်သူကလည်း မိန်းမကြိုက်တတ်တာတွေကို မှာပေးရပါတယ်။ ဒါကို "နောက်ဆုံးအမှတ်တရ" လို့ ခေါ်ပါတယ်"
"ကောင်းပြီလေ" ဆံပင်ကို သူမသပ်တင်ပြီး ဟင်းတွေမှာလိုက်တယ်။
"ငါးပေါင်းတစ်ပွဲ၊ မှိုကြော်တစ်ပွဲ၊ မှိုနားရွက်သုပ်တစ်ပွဲ.. ဒီဟင်းတွေအားလုံး ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြု မထည့်နဲ့နော်။ ကျွန်မအမျိုးသား....အော်.. ဒီအမျိုးသားက အဲတာတွေမစားဘူး"
"လူကြီးမင်းကရော ဘာမှာမလဲ" ၀န်ထမ်းက သူ့ကိုကြည့်ပြီး မေးတယ်။
တခဏလောက် သူငေးကြောင်သွားမိတယ်။ လက်ထပ်ပြီး (၁၀)နှစ်မှာ ကိုယ့်မိန်းမဘာကြိုက်တတ်မှန်း သူမသိခဲ့ဘူး။ ပါးစပ်ကြီးဟပြီး သူဘာပြောရမှန်း မသိဖြစ်နေခဲ့တယ်။ "ဒါတွေပဲ လုပ်ပါ။ အဲဒီဟင်းက ကျွန်မတို့နှစ်ယောက်စလုံးကြိုက်တဲ့ ဟင်းပါ" သူ့အဖြစ်ကို သူမက အလျင်အမြန် ၀င်ကယ်တယ်။
ဝန်ထမ်းကောင်မလေးက ရယ်ပြီး "တကယ်တမ်းပြောရရင် ကျွန်မတို့ ကွာရှင်းဟိုတယ်ကို နောက်ဆုံးအကြိမ် ညစာလာစားကြတဲ့ ဇနီးမောင်နှံတွေက ဘာမှ စားချင်စိတ်ရှိကြတော့တာ မဟုတ်ဘူး။ ဒါကြောင့် ဒီ"နောက်ဆုံးအမှတ်တရ" ကို မစားကြတော့ဘဲ ကျွန်မတို့ဟိုတယ်က ကွာရှင်းသူတွေအတွက် အထူးစီမံထားတဲ့အအေးကိုပဲ သောက်ကြရအောင်၊ ကျွန်မတို့ဟိုတယ်ကို ရောက်လာသူတိုင်းက ဒါကို မငြင်းဘဲ မှာကြတယ်"
"အင်း.. ဒါဆိုလည်း အအေးပဲ မှာကြတာပေါ့" သူတို့နှစ်ဦးစလုံး ခေါင်းညိတ်ပြီး ပြောတယ်။ သိပ်မကြာဘူး။ ၀န်ထမ်းကောင်မလေးက အအေးနှစ်ခွက်လာပို့တယ်။ တစ်ခွက်က ရေခဲပါတဲ့ အပြာနုရောင်အရည်ဖြစ်ပြီး တစ်ခွက်က အငွေ့ထောင်းထောင်းထနေတဲ့ အနီရောင်အရည်ဖြစ်တယ်။
"ဒီအအေးတွေကို "မီးတောက်တစ်ဝက်၊ ပင်လယ်ရေတစ်ဝက်" လို့ခေါ်တယ်။ သုံးဆောင်နိုင်ပါပြီ" ၀န်ထမ်းကောင်မလေးက ပြောပြောဆိုဆို နေရာကခွာတယ်။ အခန်းတစ်ခုလုံး တိတ်ဆိတ်နေတယ်။ နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေကြတယ်။
"တောက်... တောက်.. တောက်" တံခါးခေါက်သံနဲ့အတူ ၀န်ထမ်းကောင်မလေး ၀င်လာပြန်တယ်။
"လူကြီးမင်း... သူ့ကို ပထမဆုံး အကြိမ် ပန်းစည်းလက်ဆောင်ပေးတဲ့အဖြစ်ကို မှတ်မိသေးလား၊ အခု အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။ လင်မယား မဟုတ်တော့လည်း သူငယ်ချင်းမိတ်ဆွေ အဖြစ် အသိအမှတ်ပြုလို့ရတယ်။ သူ့ကို နှင်းဆီတစ်ပွင့် လက်ဆောင်ပေးလိုက်ပါဦး" သူမတစ်ကိုယ်လုံး တုန်လှုပ်သွားမိတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်က သူပန်းစည်းပေးတဲ့ ပုံရိပ်တွေကို သူမမြင်ယောင်လာမိတယ်။ အဲဒီတုန်းက ဆွေမရှိ၊ မျိုးမရှိတဲ့ သူစိမ်းမြို့မှာ သူတို့ဘာမှမရှိခဲ့ဘူး။ အရာအားလုံး သုညကစခဲ့ကြတယ်။ နေ့လယ်နေ့ခင်းမှာ နေရာအနှံ့ သူတို့အလုပ်လိုက်ရှာကြတယ်။ ရုန်းကန်ကြတယ်။ ညအခါ ညဈေးမှာ သူမဈေးရောင်းထွက်သလို သူက စားသောက်ဆိုင်မှာ ပန်းကန်ဆေးတယ်။ ညနက်သန်းခေါင်ရောက်မှ ငှားနေတဲ့ ၁၀ပေပတ်လည် အခန်းကျဉ်းထဲ သူတို့ပြန်ခဲ့ကြတယ်။ နေ့ရက်တွေကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဖြတ်ကျော်ခဲ့ရလည်း သူတို့ပျော်ရွှင်ခဲ့ကြတယ်။
အဲဒီမြို့ကိုရောက်တဲ့ ပထမဆုံးအကြိမ် ချစ်သူများနေ့မှာ သူမအတွက် သူ ပထမဆုံးအကြိမ် နှင်းဆီအနီရဲရဲတစ်ပွင့် လက်ဆောင်ပေးတယ်။ သူမ မျက်ရည်ကျအောင် ပျော်ရွှင်ခဲ့မိတယ်။ (၁၀)နှစ်တိုင်ခဲ့ပါပြီ။ သူတို့ဘ၀ အရာအားလုံး ပြည့်စုံလာချိန် လမ်းခွတစ်နေရာမှာ သူတို့ရောက်နေခဲ့တယ်။ အတိတ်ကအကြောင်းတွေ တွေးရင်း သူမ မျက်ရည်ကျမိတယ်။ "မလိုတော့ပါဘူး..." လက်ကာပြပြီး သူမပြောတယ်။
လွန်ခဲ့တဲ့(၁၀)နှစ်အဖြစ်ကို သူလည်း မြင်ယောင်နေမိတယ်။ သူမအတွက် နှင်းဆီပန်းမပေးမိတာ ၅နှစ်၊ ၆နှစ်ရှိခဲ့မှန်း အခုမှ သူသတိရတယ်။ "လိုတယ်.. ပန်းယူမယ်" လက်ပြပြီး သူပြောတယ်။
ဝန်ထမ်းကောင်မလေးက နှင်းဆီတစ်ပွင့်ကိုယူပြီး နှစ်ပိုင်းခွဲလိုက်တယ်။ ပြီးနောက် ပွင့်ဖပ်တွေကို သူတို့ရဲ့အအေးခွက်ထဲ ပစ်ထည့်လိုက်တယ်။ ပွင့်ဖပ်တွေက အအေးထဲပျော်ဝင်ကုန်တယ်။ "ဒီနှင်းဆီပွင့်က ကျွန်မတို့ ဟိုတယ်က ကောက်ညှင်းနဲ့ အထူးပြုလုပ်ထားတဲ့ နှင်းဆီတွေပါ။ ဒါဟာလည်း လူကြီးမင်းတို့အတွက် တတိယမြောက် စားစရာတစ်ခုပါပဲ။ ဒါကို "ရောင်ပြန်အလှ" လို့ခေါ်တယ်။ လူကြီးမင်းတို့ ဖြေးဖြေးသုံးဆောင်ကြပါ။ လိုအပ်ရင် ကျွန်မကိုခေါ်လိုက်ပါ"
ဝန်ထမ်းကောင်မလေးက ပြောပြောဆိုဆို လှည့်ထွက် သွားတယ်။
"xx...ဟို.... မောင် ......"
သူ့အသံတွေ လည်ချောင်းဝမှာ ပျောက်နေတယ်။ သူမလက်ကို သူဖမ်းဆုပ်လိုက်တယ်။ သူမလက် လှုပ်သွားတယ်။ ဒါပေမယ့် မရုန်းမိဘူး။ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကြည့်နေကြတယ်။ ဘာမှ မပြောဖြစ်ကြဘူး။
 "ဖပ်"
ရုတ်တရက် မီးမှိတ်သွားတယ်။ အခန်းတစ်ခုလုံး မှောင်အတိကျသွားတယ်။ အပြင်က အရေးပေါ်ခေါင်းလောင်းသံ မြည်လာပြီး အခန်းထဲ မီးခိုတွေ လှိမ့်ဝင်လာတယ်။ "ဘာဖြစ်တာလဲ" နှစ်ယောက်လုံး အမြန်ထရပ်လိုက်ကြတယ်။
"ဟိုတယ် မီးလောင်နေတယ်ဗျို့။ အားလုံး လုံခြုံရေးလမ်းညွှန်ဘက် အမြန်သွားကြပါ" အပြင်က အသံကုန်အော်ဟစ်သံကို ကြားလိုက်တယ်။
"မောင်.... ကျွန်မကြောက်တယ်" သူ့ရင်ခွင်ထဲ သူမတိုးဝင်လိုက်တယ်။ "မကြောက်နဲ့... မောင်ရှိတယ်။ လာ... အပြင်ကို ထိုးထွက်ရအောင်" သူမကို တင်းတင်းပွေ့ပြီး သူပြောတယ်။ အပြင်ကိုရောက်တော့ အပြင်ကမီးရောင်နဲ့လင်းနေတာကို တွေ့လိုက်တယ်။ ဘာမှမဖြစ်ပျက်ခဲ့သလို အရာတိုင်းက သူ့နေရာနဲ့သူရှိနေတယ်။ အဲဒီအချိန်မှာ ၀န်ထမ်းကောင်မလေးရောက်လာပြီး... "ဆောရီး... လူကြီးမင်းတို့ကို ထိတ်လန့်စေခဲ့ပြီ။ ဟိုတယ်ကြီး မီးမလောင်ပါဘူး။ အခန်းထဲ မီးခိုးတွေကို တမင်လွတ်ခဲ့တာပါ။ ဒါဟာ ကျွန်မတို့ရဲ့ စတုတ္ထမြောက်ဟင်းပါပဲ။ ဒါကို "ရင်ထဲက ရွေးချယ်ခြင်း" လို့ ခေါ်တယ်။ အခန်းထဲ ပြန်ဝင်နိုင်ပါပြီ"
အခန်းထဲ သူတို့ပြန်ဝင်လာခဲ့ကြတယ်။ အခန်းထဲမှာ ပကတိအတိုင်း မီးရောင်နဲ့လင်းနေတယ်။ သူမကို သူဆွဲပွေ့ပြီး...
"ဟန်နီ... ၀န်ထမ်းကောင်မလေး ပြောတာမှန်တယ်။ အခုနားက ဟန်နီနဲ့မောင်ရဲ့ တကယ့်ရင်ထဲက ရွေးချယ်တာတွေဖြစ်တယ်။ တကယ်တော့ မောင်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မခွဲနိုင်ကြဘူး။ မနက်ဖြန် မောင်တို့မင်္ဂလာပြန်ဆောင်ကြရအောင်ကွာ"
"မောင် ဆန္ဒရှိလို့လား" နုတ်ခမ်းကိုက်ပြီး သူမမေးတယ်။ "ဆန္ဒရှိတာပေါ့။ အခု ဘာမဆို မောင်နားလည်သဘောပေါက်လာပြီ ဟန်နီ။ မောင်တို့ မနက်ဖြန် အစောကြီး မင်္ဂလာဆောင်ရအောင်ကွာ။ ရှင်းမယ်ဟေ့...." ပြောပြောဆိုဆို ၀န်ထမ်းကောင်မလေးကို သူလှမ်းအော် လိုက်တယ်။
ဝန်ထမ်းကောင်မလေး ၀င်လာပြီး အနီရောင်ငွေတောင်းခံလွှာကို ကမ်းပေးတယ်။ "လူကြီးမင်းတို့နှစ်ယောက်အတွက် ဒါဟာ ဒီဟိုတယ်ရဲ့နောက်ဆုံးလက်ဆောင်ပါ။ ဒါကို "ထာဝရတောင်းခံလွှာ" လို့ခေါ်တယ်။ နှစ်ယောက်လုံး ထာဝရသိမ်းထားပေးပါ" စာရွက်ကို သူကြည့်လိုက်တယ်။ သူ့မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျံလာတယ်။ "ဘာဖြစ်တာလဲ" သူမ စိုးရိမ်တကြီးမေးတယ်။ "ဟန်နီ... မောင်မှားပါတယ်။ မောင်တောင်းပန်ပါတယ် ဟန်နီ" စာရွက်ကို ကမ်းပေးရင်း သူပြောတယ်။ စာရွက်ကို သူမကြည့်လိုက်တယ်။ စာရွက်ပေါ်မှာ ရေးထားတာက.......
 နွေးထွေးတဲ့ မိသားစုတစ်စု ကြိုးစားရုန်းကန်ခဲ့တဲ့ လက်တစ်စုံ သင့်ပြန်အလာကို ညနက်သန်းခေါင်အထိစောင့်နေတဲ့ မငြိမ်းတဲ့မီးတစ်ပွင့် ကျန်းမာရေးဂရုစိုက်ပါလို့ ၁၂ ရာသီလုံးမှာတဲ့စကား အနှိုင်းမဲ့တဲ့ ဂရုစိုက်မှု ယောက္ခမအတွက် အပြုအစု ကလေးအတွက် မနက်မိုးချုပ်စောင့်ရှောက်မှု သင်ကြိုက်တဲ့အစားအစာအတွက် အချက်အပြုတ် သင့်အတွက် ဆုံးရှုံးလိုက်ရတဲ့ နုပျိုခြင်းတွေ.... ဒါဟာ သင့်ဇနီးမယားပဲဖြစ်တယ်။
 "မောင်.... မောင်လည်း ပင်ပန်းပါတယ်။ ဒီနှစ်တွေမှာ မောင်ကို ကျွန်မ လျစ်လျူရှူမိခဲ့တယ်" လက်ထဲကစာရွက်ကို သူမကမ်းပေးပြီး ပြောတယ်။ စာရွက်ကို သူကြည့်လိုက်တယ်။ စာရွက်ပေါ်မှာ ရေးထားတာက....
ယောက်ျားတစ်ယောက်ရဲ့တာဝန် ကြီးလေးတဲ့တာဝန်ကို ပခုံးနှစ်ဘက်နဲ့ ထမ်းထားတယ် ညနက်သန်းခေါင်မှ ပင်ပင်ပန်းပန်းပြန်လာတယ် စားဝတ်နေရေးအတွက် နေရာအနှံ့ပြေးလွှားရတယ် ပြောမထွက်ခဲ့တဲ့ စိတ်ဆင်းရဲခြင်းတွေ မျက်နှာပေါ်က ရင့်ရော်ခြင်းတွေ ခယ်မ၊ ယောက္ခမတွေအတွက် တာဝန်တွေ ကျရှုံးခြင်း၊ ဆုံးရှုံးခြင်းနဲ့ ရုန်းကန်မှုတွေ မိသားစုအတွက်၊ သားသမီးအတွက် မေတ္တာတွေ.... ဒါဟာ သင့်ခင်ပွန်းပဲဖြစ်တယ်။
 နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ပြီး သူတို့ ငိုမိကြတယ်။ ငွေရှင်းပြီး ဟိုတယ် မန်နေဂျာကို သူတို့ကျေးဇူးတင် စကားပြောကြတယ်။ အဲဒီနောက် တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ဟိုတယ်က သူတို့ထွက်ခဲ့ကြတယ်။ ပျော်ရွှင်သွားကြတဲ့ သူတို့နောက်ကျောပုံရိပ် ကိုကြည့်ပြီး ဟိုတယ်မန်နေဂျာ ခေါင်းတဆတ်ဆတ် ညိတ်နေခဲ့ ပါတော့တယ်။ "သိပ်ပျော်စရာ ကောင်းတာပဲ။ ကျွန်တော်တို့ ကွာရှင်း ဟိုတယ်က မိသားစု တစ်စုကို ကယ်တင် လိုက်ပြန်ပြီ"

Credit - နိုင်းနိုင်းစနေ

Love Poems




·         I  WROTE  YOUR  NAME
IN  THE  SKY,
BUT  THE  WIND  BLEW  IT  AWAY.
·         I  WROTE  YOUR  NAME
IN  THE  SAND,
BUT  THE  WAVES  WASHED  IT  AWAY.
·         I  WROTE  YOUR  NAME
IN  MY  HEART,
AND  FOREVER  IT  WILL  STAY.

                                                Rocio Martin
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

If I could have just one wish,
I would wish to wake up everyday
to the sound of your breath on my neck,
the warmth of your lips on my cheek,
the touch of your fingers on my skin,
and the feel of your heart beating with mine...
Knowing that I could never find that feeling
with anyone other than you.

                                                 Courtney Kuchta
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
WHAT  I  LOVE  ABOUT  YOU

I love the way you look at me,
Your eyes so bright and blue.
I love the way you kiss me,
Your lips so soft and smooth.

I love the way you make me so happy,
And the ways you show you care.
I love the way you say, "I Love You,"
And the way you're always there.

I love the way you touch me,
Always sending chills down my spine.
I love that you are with me,
And glad that you are mine.

                                                  Crystal Jansen

ညစာစားပြီးတဲ့နောက် ထမင်းစားပွဲကခွာတာနဲ့ ဂျာနယ်ကောက်ဖတ်တတ်တာ ကျွန်တော့်အကျင့်တစ်ခုလို ဖြစ်နေခဲ့တယ်။ ဇနီးဖြစ်သူက မီးဖိုကနေထွက်လာပြီး ကျွန်တော့်ဘေးမှာဝင်ထိုင်ရင်း ပြောတယ်။

“လမ်းလျှောက်ထွက်ဖို့ ခင့်ကိုအဖော်လိုက်ပေးလေ”

“ကောင်းပြီလေ…”

ပါးစပ်ကပြောနေပေမယ့် ကျွန်တော့်မျက်လုံးက ဂျာနယ်ကနေ မခွာနိုင်ဖြစ်နေခဲ့တယ်။

“ခင်သိသားပဲ… ဂျာနယ်ရှိရင် ခင့်ကို သတိမရတော့ဘူးဆိုတာ..”

“ဟာ.. မဟုတ်ပါဘူး.. လာ.. လာ အခုသွားမယ်”

သူစိတ်မကောက်ခင် ကျွန်တော်ကပျာကယာရှင်းပြပြီး လမ်းလျှောက်ထွက်ဖို့ နေရာကထလိုက်တယ်။ တိုက်အောက်ဆင်းပြီး ကန်ဘောင်ဘက်ကို ကျွန်တော်တို့လမ်းလျှောက်ထွက်လာခဲ့ကြတယ်။ ညတာဝန်ကိုထမ်းဆောင်မယ့်လမင်းက ကောင်းကင်ပေါ် စောစောစီးစီး ရောက်နှင့်နေပြီ။ ညလေးညင်းက တဖြူးဖြူးတိုက်လို့ … တစ်နေကုန် ရှုပ်ထွေးဆူညံ့ခဲ့တဲ့လောကကြီးက အနည်းငယ်တော့ ငြိမ်သက်စပြုနေခဲ့ပြီ။ လမ်းပေါ်မှာ လူသွားလူလာရှင်းစပြုနေခဲ့ပြီ။ တစ်နေကုန် ညောင်းညာထားတဲ့ ခန္ဓာပေါ်က ကြွက်သားတွေလည်း လှောင်ချိမ့်ထဲကလွတ်လာသလို လွတ်လပ်ပေါ့ပါးလို့…

“ခင်တို့ ဒီလိုလမ်းမလျှောက်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ”

ရုတ်တရက်မေးလိုက်တဲ့ ဇနီးဖြစ်သူရဲ့အမေးကို ကျွန်တော်ပြန်ဖြေဖို့ အဖြေမရှိခဲ့ဘူး။ ဟုတ်ပါရဲ့… ငါတို့ ဒီလိုလမ်းမလျှောက်ဖြစ်တာ ဘယ်လောက်ကြာခဲ့ပြီလဲ၊ ရိုးရိုးရှင်းရှင်းမေးခွန်းတစ်ခုကို ကျွန်တော်ဘာကြောင့် ပြန်မဖြေနိုင်ခဲ့တာလဲ၊ နေ့တိုင်း ရုံးဆင်းပြန်လာတာနဲ့ ထမင်းစား၊ အိပ်ရာဝင်.. ဒါဟာကျွန်တော့်အတွက် “ပါးစပ်ဟတာနဲ့ စားစရာကအဆင်သင့်၊ လက်ဆန့်တာနဲ့ ဝတ်စရာအဝတ်အစားက အဆင်သင့်”ဆိုသလို ဖြစ်နေခဲ့တယ်။ အချိန်တော်တော်များများမှာ ကျွန်တော်အိမ်ပြန်ရောက်တာနဲ့ ဇနီးဖြစ်သူက ထမင်းအဆင်သင့်ချက်ပြီးနေပြီ။ ရေချိုးတဲ့အခါမှာလည်း ဝတ်ဖို့အဝတ်အစားကို အဆင်သင့်ထုတ်ပေးထားပြီးပြီ။ ဝတ်ထားတဲ့အဝတ်ဟောင်းတွေကိုလည်း လျှော်ဖွတ်ဖို့ ရေစိမ်ထားပြီးပြီ။ ဒီအိမ်မှာ သူ့ရဲ့တာဝန်ကျေပွန်မှုကို ကျွန်တော်စိတ်ချထားပြီးသား။ ထမင်းဟင်းချက်၊ လျှော်ဖွတ်လည်း သူ၊ နေအိမ်သန့်ရှင်းရေးဆိုလည်း သူ၊ သားသမီးကို စာပြတာလည်း သူပဲဖြစ်တယ်။ အိမ်က ကျွန်တော့်အတွက် အပန်းဖြေနေရာတစ်ခု၊ တည်းခိုခန်းတစ်ခုဖြစ်ခဲ့တယ်။

ဘယ်အချိန်ကတည်းကစပြီး ဇနီးသည်ရဲ့ ရင်ထဲကခံစားချက်ကို ကျွန်တော်လျစ်လျူရှုခဲ့မိမှန်း ကျွန်တော်မသိခဲ့ဘူး။ အလုပ်ချိန်များတဲ့အတွက်ကြောင့်လည်း ဖြစ်မယ်။ နေ့အလုပ်အပြင် တစ်ခါတလေ အချိန်ပိုပါဆင်းနေရတဲ့အတွက်ကြောင့်လည်း ဖြစ်မယ်။ အိမ်မှာ ကျွန်တော်အနေနည်းခဲ့ပါတယ်။ ချစ်သူရည်းစားဖြစ်စနဲ့ မင်္ဂလာဆောင်စမှာပဲ လအနည်းငယ်လောက် ကျွန်တော်တို့ ပူးပူးကပ်ကပ်နေခွင့်ရှိခဲ့တာကလွဲလို့ သူနဲ့အတူ လမ်းထွက်မလျှောက်ဖြစ်တာ ဘယ်လောက်ကြာခဲ့မှန်း ကျွန်တော်လည်း မသိခဲ့တော့ပါဘူး။

“အင်း.. နောက်ဆိုရင် မောင်တို့ အမြဲတမ်းထွက်လျှောက်ကြမယ်လေ…”

“နောက်ဆိုရင်... ဒီစကားကလည်း ယုံရခပ်ခက်ခက်ပါ မောင်ရယ်….”

ပြောပြောဆိုဆို ကျွန်တော့်လက်ကို သူတင်းတင်းလေး ဆုပ်ကိုင်ထားလိုက်တယ်။ ကန်ဘောင်ပေါ် အေးအေးလူလူလမ်းလျှောက်ရင်း ဇနီးသည်က သူ့အလုပ်မှာတွေ့ကြုံဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ၊ ပတ်ဝန်းကျင်က ကြားရတဲ့သတင်းအတင်းတွေကို ပြောပြနေပါတယ်။ သူပြောသမျှကို နံဘေးမှာနေပြီး ကျွန်တော်ဆိတ်ဆိတ်ငြိမ်ငြိမ် နားထောင်နေမိတယ်။ ဒီလိုအချိန်မျိုးမှာ သူဟာ ပျော်ရွှင်နေသူပါ။ သူ့မျက်နှာပေါ်မှာ ကွယ်ဝှက်ထားလို့မရတဲ့ ပျော်ရွှင်ခြင်း၊ စိတ်ချမ်းမြေ့ခြင်းတွေကို ကျွန်တော်တွေ့မြင်နေရပါတယ်။ မြက်ခင်းပြင်တစ်ခုကို ရှာပြီး ကျွန်တော်တို့ထိုင်ချလိုက်တယ်။ ဒီလိုပျော့အိအိ မြက်ခင်းပြင်ပေါ်ထိုင်ချရတဲ့ အရသာမျိုး ကျွန်တော်တို့ မခံစားခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ...

အိမ်ထောင်ရေးဆိုတာ စီးပွားရေးတစ်ရပ်တဲ့။ တချို့က ရှုံးတယ်၊ တချို့က မြတ်တယ်။ ဒီအိမ်ထောင်ရေးစီးပွား တက်ခြင်း၊ ကျခြင်းက ကျွန်တော်တို့ရဲ့အသိဉာဏ် အနည်းအများနဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့ရဲ့စိတ်နေသဘောထားနဲ့ပဲ အဆုံးအဖြတ်ပေးပါတယ်။

တချို့ကပြောတယ်.... လိင်မတူသူရဲ့နှစ်ယောက်ကြားက စစ်ပွဲတစ်ပွဲတဲ့။ အိမ်ထောင်မကျခင်နဲ့ အိမ်ထောင်ကျပြီးကာလမှာ ယောက်ျားက ကျွန်ဘဝကနေ စစ်သူကြီးဖြစ်သွားတယ်။ မိန်းမက စစ်သူကြီးဘဝကနေ ကျွန်ဖြစ်သွားတယ်။ အိမ်ထောင်ကျပြီးတဲ့အတွဲတွေ ရှော့ပင်းထွက်တာကို ကြည့်ခြင်းအားဖြင့် တွေ့မြင်နိုင်ပါတယ်။ မင်္ဂလာမဆောင်ခင်မှာ အိတ်ကြီးအိတ်ငယ်ဆွဲပြီး မိန်းမနောက်လိုက်ရတဲ့ယောက်ျားတွေပာာ မင်္ဂလာဆောင်ပြီးတဲ့နောက် အရာအားလုံးကိုပစ်ချပြီး ရှေ့ဆုံးရောက်သွားကြတယ်။

ဒါကြောင့် အိမ်ထောင်ကျပြီးတဲ့ ယောက်ျားအများစုက ကြာလေ နုပျိုလေ၊ ကြာလေ သက်တောင့်သက်သာဖြစ်လေပါပဲ။ မိန်းမတွေကတော့ အိမ်ထောင်ကျတယ်ဆိုတာ တာဝန်ဝတ္တရားအားလုံးကို ထမ်းပိုးလိုက်သလိုပါပဲ။ သားသမီးအတွက်၊ လင်ယောက်ျားအတွက်၊ အိမ်မှုကိစ္စ၊ ဝေယျဝစ္စ၊ ကြာလေ အိုမင်းလေဖြစ်တယ်။ အိမ်ထောင်သက်(၁ဝ)နှစ်တောင် မပြည့်သေးတဲ့ဇနီးမှာ မိန်းကလေးဘဝကရှိခဲ့တဲ့ ချောမောလှပခြင်းတွေ ပျောက်ဆုံးနေခဲ့ပါပြီ။ ချောမောလှပခြင်းအစား မျက်ထောင့်က အရစ်ကြောင်းတွေ တဖြေးဖြေး ဝင်ရောက်အစားထိုးလာခဲ့တယ်။ အာဟာရပြတ်လပ်နေတဲ့ အသားအရေတွေမှာ အမည်းစက်တွေက ဟိုတစ်စက် ဒီတစ်စက် ဝင်ရောက်လာခဲ့တယ်။ အရင်က တယုတယပြုစု စောင့်ရှောက်ခဲ့တဲ့အသားအရေက ကြမ်းတမ်းလို့နေခဲ့ပါပြီ။

ကျွန်တော် အားနာမိပါတယ်… အိမ်ထောင်ဦးစီးတစ်ဦးဖြစ်တဲ့ ကျွန်တော်က ဇနီးသည်အတွက် ဘာခမ်းခမ်းနားနားမှ မပေးနိုင်ခဲ့ဘူး။ မပြောပလောက်တဲ့ ချမ်းမြေ့မှုလေးတောင် မပေးနိုင်ခဲ့ဘူး။ မရှိဆင်းရဲသားဘဝကနေ လာခဲ့တဲ့ ကျွန်တော်ကို သူ မညည်းမတွား အဖော်လုပ်ပေးခဲ့တယ်။ ရှိတာလေးနဲ့ မကြောင့်မကျနေပေးခဲ့တယ်။ ပေးတာလေးနဲ့ မလောက်မင ချွေတာပေးခဲ့တယ်။ ကျွန်တော့်အပေါ်မှာလည်း ဘာတောင်းဆိုမှုမှ မရှိခဲ့ဘူး။ ဒါတွေကို သူ မမက်မောပါဘူးတဲ့။ သူ ရွေးချယ်တာက အချစ်ပါတဲ့။ ငွေကြေးတွေ သူ မလိုပါဘူးတဲ့။ ဒီလိုမယားမျိုးရခဲ့တာ ကျွန်တော်ကံကောင်းပါတယ်။ ငွေကြေးဆင်းရဲပေမယ့် ကျွန်တော်တို့မှာ ချစ်ခြင်းမေတ္တာအပြည့်၊ ပျော်ရွှင်ခြင်းတွေအပြည့်ရှိခဲ့တယ်။ ရှုပ်ထွေးတဲ့ဘဝကို ကျွန်တော်တို့ မလိုချင်ခဲ့ဘူး။ ရိုးရှင်းတဲ့ဘဝနဲ့ စားစရာရှိ၊ ဝတ်စရာရှိရင် ရပါပြီ။

အားလပ်ချိန်တွေမှာ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ညနေဆည်းဆာအောက်မှာ လမ်းလေးလျှောက်၊ မိသားစုအကြောင်း ဆွေးနွေးတိုင်ပင် နေရရင်ရပြီ။ အေးအတူ ပူအမျှ ပျော်ရွှင်ခြင်းထဲမှာပျော်ဝင်ရင်း သက်ဆုံးထိတိုင် အတူနေကြရရင်ရပါပြီ။ ဒီလိုဘဝထက် ဘယ်လိုဘဝမျိုးကို တောင့်တနေဦးမလဲ...

ထမင်းစားပြီးချိန်၊ အားလပ်ချိန်တွေမှာ ကိုယ့်ဇနီးမယားနဲ့အတူ လမ်းထွက်လျှောက်ပါ။ အချစ်က ပြင်းပြင်းရှရှ တခမ်းတနားဖြစ်နေမှမဟုတ်သလို ရာဇဝင်တွင်လောက်အောင်လည်း ကတိသစ္စာတွေ မလိုပါဘူး။ အချစ်က တကယ့်လက်တွေ့ကျကျ၊ စိတ်နှလုံးနဲ့ရင်းပြီး ချစ်နေဖို့၊ ဂရုစိုက်နေဖို့ပဲလိုပါတယ်။ ကိုယ့်ဇနီးမယားကို ထမင်းလေးချက်ကူ၊ အဝတ်လေးလျှော်ကူပါ။ ဒါမှမဟုတ် လက်သည်းညှပ်ပေးတာ၊ လက်တွေကို နှိပ်နယ်ပေးတာလည်း လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် သူနဲ့အတူ စကားပြောတာ၊ အတူတီဗွီကြည့်တာ၊ အတူလမ်းထွက်လျှောက်တာတွေ လုပ်နိုင်ပါတယ်။ ဒီအရာတွေက သင်စိတ်ပါရင် ဘာမှခက်ခဲပင်ပန်းတဲ့အလုပ် မဟုတ်ပါဘူး။

အချစ်ကို အဝေးကြီး ထွက်မသွားပါစေနဲ့… ပျော်ရွှင်ခြင်းကို အဝေးကြီး ထွက်မသွားပါစေနဲ့… ဇနီးမယားနဲ့အတူ လမ်းလျှောက်တာဟာ အချစ်ကို ကျွန်တော်တို့နဲ့အတူ တွဲလျှောက်စေခြင်းပါပဲ။ ဒါဟာ ရိုးရှင်းသာမန်တဲ့နေ့ရက်တွေထဲ နွေးထွေးကြည်နူးမှုတွေ ထပ်လောင်းထည့်တာပဲဖြစ်ပါတယ်။ ဒီလိုသာရှေ့ဆက်သွားခဲ့ရင် အသက်အရွယ်အိုမင်းသွားသည့်တိုင် အချစ်ကလတ်ဆတ်နုပျိုနေဦးမှာ ဖြစ်ပါတယ်။

“အိမ်ပြန်ကြစို့ မောင်….”

ဇနီးက ကျွန်တော့်ကို လှမ်းပြောတယ်။ သူနဲ့အတူ အိမ်အပြန်လမ်းမှာ အဝေးကို ကျွန်တော်အကြည့်ရောက်သွားတယ်။ လမ်းမီးတိုင်တွေက လင်းထိန်လို့… ဒါဟာ ညမှာမအိပ်တဲ့ မြို့ပြရဲ့မျက်လုံးတွေပဲဖြစ်တယ်။ ကျွန်တော်တို့ရဲ့အချစ်က သာမန်တဲ့ဒီမြို့ပြထဲမှာ ရိုးရိုးရှင်းရှင်း ရှင်သန်နေခဲ့ပါတယ်။

မူရင်းရေးသားသူ-- Tan Bo Xuan
နိုင်းနိုင်းစနေ
How to be a guy every girl wants အမည်နဲ့ အင်္ဂလိပ်ဘာသာ နဲ့ ရေးထားတဲ့ ဆောင်းပါးထဲမှ အချက်အချို့ ကို အခြေခံလို့ ဆီလျော်သလို ပြန်လည်ရေးသား မျှဝေခြင်း ဖြစ်ပါတယ်။

1. Be Confident

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရမယ်လို့ ပြောပါတယ်။ မိန်းကလေး တို့ လိုချင်တာဟာ အရာရာ ပြီးပြည့်စုံနေတဲ့ သူမဟုတ်ပါဘူး။ (ထင်တာပဲ :D) ယုံကြည်ချက် အပြည့်အဝနဲ့ ရိုးသားကြိုးစားနေသူများ ဖြစ် ပါတယ်။ ပြိုင်ကား မစီးနိုင်ပေမယ့် ဘတ်စ်ကားမှာ သက်ကြီး ကို နေရာပေးတာမျိုး၊ အခြားဘယ်သူတွေနဲ့ပဲ ယှဉ်ယှဉ် ရင်ကော့ ခေါင်းမော့လို့ တန်းတူ ပြောဆို ဆက်ဆံ လုပ်ကိုင်နေသူမျိုး တို့ ဖြစ်ပါတယ်။ သူဌေးမို့ကြောက်သူ၊ ဆင်းရဲသူမို့ နိမ်ချင်သူမျိုး မဟုတ်ဘူးနော်။ အားလုံးကို သတ္တိရှိရှိ ပြောဆို ရင်ဆိုင်နိုင်သူမျိုး ဖြစ် ပါတယ်။ (စပယ်ယာနဲ့တော့ ရန်မဖြစ်နဲ့ပေါ့။ ရုပ်ပေါက်တယ် :D)

2. Be Patience

ဟုတ်ပါတယ် စိတ်ရှည်ဖို့လိုအပ်ပါတယ်။ Remember, she's only a girl တဲ့။ မိန်းကလေးကို မိန်းကလေးလို့ပဲ မြင်ပါလို့ဆိုပါတယ်။ စကားများ ချင်များမယ်။ အတင်းပြောချင်ပြောမယ်။ ပစိပစပ်နိုင်ချင် နိုင်မယ်။ ဒါကို အရေးတယူလုပ်လို့ အချက်ကျ လိုက်ပြောနေတဲ့ အမျိုးသားမျိုး၊ အချက်ကျ တုန့်ပြန်တတ်တဲ့ အမျိုသားမျိုးတို့ကို အမျိုးသမီးတို့ မကြိုက်ဘူးလို့ ဆိုပါတယ်။

3. Compliment her

Girls love compliments တဲ့။ သူတို့ကို ချီးမွမ်းတာ ကြိုက်တတ်ကြပါတယ်။ ဟုတ်သည်ရှိ၊မဟုတ်သည်ရှိ သူ့ကို ရုပ်လှတာလေးပဲ ဖြစ်ဖြစ်၊ စကားပြောကောင်းတာလေးပဲ ဖြစ်ဖြစ် ချီးမွမ်းပေးလိုက်လို့ အပန်းမကြီးဘူးလေ။ ဒါဆိုရင်လည်း မိန်းကလေးက ယင်းကောင်လေးကို နှစ်သက်လာမှာပါ။

4. Try out her favourite

အကြိုက်လိုက်သူအောင် ညှိရမယ်လို့ ဆိုလိုပါတယ်။ ဒါကလည်း အများအားဖြင့်တော့ မှန်နိုင်ပါတယ်။ အမျိုးသမီး တစ်ယောက်နဲ့ ကြိုက်တဲ့ အစားအစာ တူတာမျိုး၊ အရောင်ကြိုက်တူတာမျိုး၊ သီချင်းကြိုက် တူတာမျိုး တို့က ကောင်းတယ်လို့ ဆိုပါတယ်။ လွယ်လွယ် စဉ်းစားကြည့်တော့ တီဗီကြည့်တဲ့အခါ ချယ်နယ် တစ်ခုတည်းကိုပဲ နှစ်ယောက်အကြိုက်တူလို့ ကြည့်တာ အကောင်းဆုံးပဲလေ။ အကြိုက်တူပြီဆိုရင်လည်း မိန်းကလေးများ နှစ်သက်တယ်ဆိုတာကို ငြင်းလို့မရနိုင်ပါဘူး။

5. Be funny

ဒါကတော့ အားလုံး လက်ခံမှာပါ။ မိန်းကလေးများက သူတို့ကို ပျော်အောင်၊ ရယ်နေအောင် လုပ်ပေးတတ်သူကို သဘောကျ နှစ်သက်တာ အမှန်ပါပဲ။ သို့ပေမယ့် ကိုယ့်ကိုယ်ကို လူရွှင်တော်၊ လူပေါကြီးတော့ မဖြစ်မခံနဲ့ပေါ့။ လူပေါဖြစ်နေရင်လည်း အမျိုးသမီး နှစ်သက်သဘောကျဖို့ Chance နည်း ပါတယ်။ ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တယ်ဆိုတာလေး ကို ပြသနိုင်ရင် ရပါပြီ။

6. Share things with her

မျှဝေပါတဲ့။ မုန့်ခေါ်ကျွေးတာမျိုး၊ ကိုယ့်မှာ ရှိတဲ့ ပစ္စည်းလေး ပေးလိုက်တာမျိုး၊ သူကြိုက်တဲ့ သီချင်းဖွင့်ပေးတာမျိုး၊ ကူး ပေးတာမျိုး၊ စာအုပ်ရှိလည်း ငှားလိုက်တာမျိုး၊ စာရှင်းပြတာမျိုး။ အဲ့လို Share လုပ်ပေးနေတာကိုက အမျိုးသမီးကို နှစ်သက်တာပါ။ (ဘဏ်စာအုပ်ကတော့ နောက်မှ Share ပေါ့. kidding)

7. Tell her things.

မိမိမှာ ရှိတဲ့ လျှို့ ဝှက်ချက်ကိုပြောပြပါ။ လျှို့ ဝှက်ချက်ဆိုလို့ မီးခေတ်သေတ္တာ နံပါတ်တို့ ၊ APM ကဒ် Password တို့ မဟုတ်သေး ဘူးလေ။ အခြားလူတွေ မသိသေးပဲ သူမတစ်ယောက်တည်း ကိုပဲ ပေးသိ ပါတယ်ဆိုတဲ့ အကြောင်းအရာ မျိုးလေးပဲ ပြောဖို့ ပါ။ ပြီးတော့ ဒါကို ဘယ်သူ့ကိုမှ မသိစေချင်တဲ့ သဘောနဲ့ သူနားလည်အောင်ပြောပြရပါမယ်။ ဒါဆိုရင် မိန်းကလေးက ယင်းကောင်လေးအပေါ် ပိုယုံကြည်လာပြီး "ငါဟာ သူရင်ဖွင့်စရာလူ တစ်ယောက်ပါလား" လို့ ထင်မြင်လို့ ပျော်ကောင်းပျော်ပါလိမ့်မယ်။

8.Listen her things

မိန်းကလေးတစ်ယောက်က ယောင်္ကျားလေးတစ်ယောက်ကို နှစ်သက်ရင် သူ့အကြောင်းတွေရင်ဖွင့်တတ်ပါတယ်။ မပြောပဲနဲ့တော့ ဇွတ်အတင်း သွားမမေးရဘူးလေ။ ဒါဆိုရင် ပိုလို့တောင် အမြင်ကပ်သွားနိုင်ပါတယ်။ သူရင်ဖွင့်လာရင်လည်း ရင်ဖွင့်သမျှကို ရင်ထဲမှာပဲ သိမ်းထားပါ။ ဘယ်သူမှထုတ်မပြောပါနဲ့။ အဲ့လို ထုတ်မပြော ပါဘူးဆိုတာကိုလည်း သူသိအောင် ကိုယ်က နေပြရမယ်။ စိတ်ဝင်စားပြရမယ်။ ပြန်ပြီးတော့ ဆွေးနွေးပေးရမယ်။ ဒါဆို သူ့အပေါ် နားလည်ပေးနိုင်တဲ့ သူပါလား ဆိုပြီး မိန်းကလေးက ယင်းကောင်လေး အပေါ် ပိုလို့ ယုံကြည်လာစေ ပါတယ်။

9. Be Real

အရေးအကြီးဆုံး အချက်ပါပဲ။ အထက်က ပြောခဲ့တဲ့ အတိုင်း ငါ ဒီလို သွားလုပ်လိုက်မယ်လို့ သွားမလုပ်လိုက်ပါနဲ့။ နေဝင်ပြီး နေထွက်သလို အမှန်တရား ကလည်း ဖုန်းကွယ်လို့ မရဘူးလေ။ သူအထင်ကြီး ပါစေတော့ ဆိုပြီး တစ်ချက်ပြီးတစ်ချက် ဟန်ဆောင်ပြီး ချည်းကပ်ရင်၊ သရုပ်ဆောင်ရင် တစ်နေ့တော့ ပေါ်မှာပဲ။ ပိုလို့တောင် အထင်သေး သွားနိုင်ပါတယ်။ ဒီတော့ ကိုယ်စိတ်ဝင်စားတဲ့ မိန်းကလေး မဟုတ်သူများနဲ့ ပြောဆို ဆက်ဆံတဲ့အခါ Tell her things နဲ့ Try out her favourite ကို ချန်ထားပါ။ ကိုယ့်အကြောင်း ပြောပြတာတို့။ သူ့အကြိုက်လိုက်လျော တာတို့က ကိုယ်ချစ်တဲ့သူဆီမှာပဲ လုပ်သင့်တာလေ။ ဒါကို မိန်းကလေး တိုင်းမှာ လိုက်လုပ်နေရင် အဲ့လူ မရိုးတော့တာ အမှန်ပဲ။ (သတိထားကြနော်)။

အားလုံး ဗဟုသုတတိုးနိုင်ကြပါစေ။ --

Credit-အောင်ခမ်း ( ရိုးရာလေး )

Love Crime



Wouldn't it be
the perfect crime.

If i stole your heart,
and you stole mine?
မိန်းကလးတယောက် သင့်ကိုစိတ်ထဲရှိလာပြီဆိုရင်
သင့်ကိုသူရှာလိမ့်မယ်

မိန်းကလးတယောက် သင့်ကိုချစ်လာပြီဆိုရင်
သင့်ကို သဝန်တိုလာလိမ့်မယ်

မိန်းကလးတယောက် သင့်ကိုတကယ်မခွဲနိုင်ဘူးဆိုရင်တော့
သူဟာ မျက်ရည်ကျတတ်လာလိမ့်မယ်

တခါတလေ သူတို့ဟာ
အချစ်ကိုစကားတွေအများကြီးနဲ့ ပြောမပြတတ်ဘူး
ဒါပေမဲ့ အမူအယာတွေကတော့ သင်နဲ့ပတ်သက်ရင်ဆောက်တည်ရာမရအောင်
သူတို့ ပြုမူတတ်လာပါတယ်